Wednesday 6 March 2013

မြန်မာနိုင်ငံ၏ထင်ရှားသောပုဂ္ဂိုလ်များထဲမှဦးသန့်အကြောင်း

လွမ်းဦးမောင်(မြောင်းမြ) | 09:07 | Best Blogger Tips
ဦးသန့်သည် ဧရာဝတီတိုင်း ၊ ပန်းတနော် ဇာတိ ဖြစ်ပြီး ၁၉၀၉ ခုနှစ် ၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွေးဖွားသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန် ကို ၁၉၆၁ မှ ၁၉၇၁ အထိ ထမ်းဆောင်ခဲ့သည်။ ၁၉၇၄ ခုနှစ် နိုဝင်ဘာ (၂၅) ရက်နေ့တွင် နယူးယောက်မြို့၌ အဆုတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့ သည်။ ဦးသန့်၏ ရုပ်ကလပ်ကို ရွှေတိဂုံဘုရား တောင်ဘက်မုခ် ကန်တော်မင် ပန်းခြံ အနီးတွင် ဂူသွင်းင်္သဂြိုဟ်ခဲ့သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၊ စုဘုရားလတ်၊ ဒေါ်ခင်ကြည် တို့၏ အုတ်ဂူများနှင့်အတူ တည်ရှိသည်။


ဦးသန့်  ( ၁၉၀၉-၁၉၇၄ ) သည် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ ချုပ် ၏ အထွေထွေ အတွင်းရေးမှူး (General secretary of UN ) အဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ပထမဦးဆုံး အာရှတိုက်သား မြန်မာလူမျိုးဖြစ်သည်။ ၁၉၆၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့ မှ ၁၉၇၂ ခုနှစ် ဇန်န၀ါရီ ၁ရက်နေ့  အထိ အထွေထွေအတွင်းရေးမှူး ရာထူးကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထိုရာထူးသည် ကမ္ဘာ့  အမြင့်ဆုံး ရာထူး ဟုသတ်မှတ်နိုင်သလို တာဝန်အကြီးမားဆုံး ရာထူးလည်း ဖြစ်ပေသည်။ ကမ္ဘာ့ နေရာ အရပ်ရပ်တွင် ရင်ဆိုင်ကြုံတွေ့ နေရသော ပြဿနာ ပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းရသည့် စီမံကွပ်ကဲရေး တာဝန်ပင်ဖြစ်ပေ သည်။ UN ၏ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူး ဆွီဒင် နိုင်ငံသား ဒက်ဟန်းမားရှိုး ကွယ်လွန်ခဲ့ပြီးနောက် တတိယမြောက် အထွေထွေအတွင်းရေး မှူးချုပ်တာဝန်ကို ထမ်းဆောင်ရန် တခဲနက် ထောက်ခံမဲ အပြည့် ရရှိခဲ့သူမှာ ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် ဦးသန့် ပင်ဖြစ်ပါသည်။

ဇာတိ

ဦးသန့် ကို အောက်မြန်မာပြည် ပန်းတနော် မြို့ တွင်၁၉၀၉ခု ဇန်န၀ါရီလ ၂၂ ရက်နေ့ ၌ မွေးဖွားခဲ့သည်။ ( ထိုကာလတွင် မြန်မာပြည်သည် ဗြိတိသျှဘားမား အဖြစ် ကိုလိုနီလက်အောက်ခံဘ၀ ကျရောက်နေချိန် ဖြစ်ပေသည်။)

မိဘ

အဖ ဦးပိုနှစ် အမိ ဒေါ် နန်းသောင်းတို့ မှ မွေးဖွားသည်။ အဖ ဖြစ်သူ ဦးပိုနှစ် သည် The Sun ( သူရိယ ) သတင်းစာ ကို မတည် ထူထောင်ရာ ၌ ပါဝင် ဆောင် ရွက်ခဲ့သူ တစ်ဦးဖြစ်သည်။ ဗမာ့သုတေသီများ အသင်းဝင်တစ်ဦးလည်း ဖြစ်ပေ သည်။

မိသားစု

မိသားစုတွင် ဦးသန့် သည် အကြီးဆုံးသားဖြစ်သည်။ ဦးသန့် ငယ်စဉ် အသက် ၁၄ နှစ်တွင် ဖခင် ဖြစ်သူကွယ်လွန်သည်။ ထိုအချိန်က ဦးသန့် တို့ မိသားစု စီးပွားရေး ကျပ်တည်းခဲ့ကြသည်။

ပညာရေး

ဦးသန့် သည် ပန်းတနော်မြို့ ကျောင်းတွင် ငယ်စဉ်က ပညာသင်ကြားခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် သမိုင်းအထူးပြုလေ့လာသည်။ တက္ကသိုလ်ပြီးနောက်တွင် ဇာတိမြို့ ပန်းတနော်သို့ ပြန်၍ အမိမြန်မာကျောင်းတွင် ကျောင်းဆရာဝင် လုပ်သည်။ ၎င်းအသက် ၂၅တွင် ကျောင်းအုပ်ဖြစ်ခဲ့သည်။ ထိုအချိန်က ဦးသန့့် နှင့် ဦးနု ဆိုသူ ဒေသတွင်းပညာရေးမှူး တို့ အလွန်ရင်းနှီးခဲ့ကြသည်။ နောင်တစ်ချိန်တွင် ထိုပညာရေးမှူး ဦးနု ဆိုသူကား မြန်မာပြည်၏ ၀န်ကြီးချုပ် ဖြစ်လာ သည်။ ဦးသန့် သည် သီလ၀ အမည်ဖြင့် စာစောင် မဂ္ဂဇင်းတို့ ၌ ရေးသားသည်။ ဘာသာပြန်စာအုပ်များစွာရေးသားခဲ့သည်။ ဦးသန့် ၏ the league of Nations သည်ကျော်ကြားသည်။ ဦးသန့် သည် ဗုဒ္ဒဘာသာကို စိတ်နှလုံးသွင်း ယုံကြည် ကိုးကွယ်သူ ဖြစ်သည်။

နိုင်ငံတော်တာဝန်

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ဦးနု သည် ၀န်ကြီးချုပ်ဖြစ်လာသည်။ ၁၉၄၈ တွင် ဦးနု သည် မိတ်ဆွေဖြစ်သူ ဦးသန့် အား ရန်ကုန် သို့ ပြန်လာ၍ မိမိ၏ အဖွဲ့ အစည်း၌ စီမံကွပ်ကဲရေးတာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းခဲ့သည်။ ဦးသန့် သည် ဤသို့ ဖြင့် ရန်ကုန်သို့ ပြန်ရောက်လာခဲ့သည်။ နောက်တစ်နှစ်(၁၉၄၉)တွင် ဦးသန့် သည် မြန်မာပြည်အစိုးရ၏ သတင်းနှင့်ပြန်ကြားရေးဝန်းကြီှးဌာနတွင် အတွင်းရေးမှူး ဖြစ်လာသည်။ ၁၉၅၁ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ ဦးသန့် သည် ၀န်ကြီး ဦးနု၏ အတိုင်ပင်ခံ အတွင်းရေးမှူး ဖြစ်လာသည်။ ၀န်ကြီးဦးနုအတွက် နိုင်ငံခြားရေးရာ တာဝန်များစွာအတွက် သ၀ဏ်လွှာများရေးပေးခြင်း၊ ဘာသာပြန်အဖြစ်ဆောင်ရွက်ခြင်း များလုပ်ကိုင်ပေးခဲ့သည်။ ဦးသန့် သည် ဦးနု၏ အထူး ယုံကြည်ရသူ အကြံပေးပုဂ္ဂိုလ် ဖြစ်ခဲ့သည်။ ဦးသန့် သည် နိုင်ငံတကာ ညီလာခံ များစွာ တက်ရောက်ခဲ့သူဖြစ်သည်။ ၁၉၅၅ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ ဘူတန်တွင် ကျင်းပသော အာရှ-အာဖရိက လူမျိုးစု ညီလာခံ၏ ပထမဦးဆုံးသော အတွင်းရေးမှူးတာဝန်ယူခဲ့သည်။ ၁၉၅၇ ခုနှစ်ရောက်သောအခါ ဦးသန့် သည် UN တွင် ဗမာပြည်၏ ကုလသမဂ္ဂ ကိုယ်စားလှယ်ဖြစ်လာ ပြီး အယ်ဂျီးရီးယား နိုင်ငံ လွတ်လပ်ရေးအတွက် အထူး ပါဝင်တက်ကြွ လှုပ်ရှားခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် မြန်မာ အစိုးမှ ဦးသန့် အား ပြည်ထောင်စု စစ်သူ ဘွဲ့ ထူး ပေးအပ်ခဲ့ သည်။

ဦးသန်.ထမ်းဆောင်ခဲ.သောတာဝန်များ

- ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ၏ ယနေ့လက်ရှိအချိန်ထိ တစ်ဦးတည်းသော အထွေထွေအတွင်းရေးမှူးချုပ်

- မြန်မာကို ကမ္ဘာကသိအောင် စွမ်းဆောင်နိုင်သော သူ

-ကမ္ဘာကျော် အမေရိကန် နှင့် ရုရှား တို့၏ ကျုးဘားဒုံးပျံအရေးအခင်းအပါအ၀င် အခြားကမ္ဘာ့ပြဿနာများစွာကို ဖြေရှင်းပေးနိုင်ခဲ့သောသူ



၁။ ဦးသန့် အရေးအခင်း

ဦးသန့် အရေးအခင်း ဆိုသည်မှာ ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့၌ အမေရိ ကန်နိုင်ငံ နယူးယောက်မြို့တွင် ကွယ်လွန်သွားသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကွယ်လွန်အနိစ္စရောက်ရာမှ အစပြုပေါ် ထွက်လာသော မြန်မာ့သမိုင်းဝင် အရေးတော်ပုံတစ်ခုဖြစ်သည်။ ကမ္ဘာ့အဆင့် အမြင့်ဆုံးရာထူးဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ရာထူးအား မြန်မာလူမျိုး တစ်ဦးအနေဖြင့် တာဝန် ထမ်းဆောင်ခဲ့သည့် ငြိမ်း ချမ်းရေးဗိသုကာ ဦးသန့်အား ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကိုယ်စားလှယ်များက ဂါရ၀ပြုပြီးနောက် ဦးသန့် ၏ မိသားစုဝင်များ၏ တောင်းဆိုချက်အရ အမိမြန်မာ နိုင်ငံတော်တွင်သာ သင်္ဂြိုဟ်ရန် အစီအစဉ်များပြုလုပ်ခဲ့ကြသည်။ ဤသည်မှာ ဦးသန့်အရေးအခင်း ဖြစ်ပွားရန် နိဒါန်းပျိုးလိုက်ခြင်းပင်ဖြစ်ပေသည်။

၂။ နိုင်ငံတော် ဈာပနအဖြစ် မသတ်မှတ်ခြင်း

ဦးသန့်၏ ရုပ်ကလာပ်သည် ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့တွင် မြန်မာ နိုင်ငံသို့ ရောက်ရှိလာပြီး တော်လှန်ရေးကောင်စီအစိုးရ ဦးသန့်၏ ရုပ်ကလာပ် အား ကျိုက္ကဆံကွင်း(မြင်းပြိုင်ကွင်းဟောင်း)အတွင်း၌ မဏ္ဍပ်ငယ်တစ်ခု ဆောက် လုပ်ပြီး ကြက်ခြေနီလူငယ်များအား အစောင့်အဖြစ် တာဝန်ပေးအပ်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာလ (၅)ရက်၊ မွန်းလွဲ (၁)နာရီအချိန်တွင် ကြံတောသင်္ချိုင်းသို့ ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ပြည်သူလူထုအား အသိပေးကြေညာခဲ့သည်။ နိုင်ငံ့ဂုဏ်ဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးသန့်၏ရုပ်ကလာပ်အား နိုင်ငံတော်ဈာပန အဖြစ် သတ်မှတ်၍ အခမ်းအနားဖြင့် သင်္ဂြိုဟ်မည်ဟု မျှော်လင့်ထားသော ပြည်သူ လူထုသည် ယင်းကဲ့သို့ အသိပေးကြေညာချက်ကြောင့် မကျေမနပ် ဖြစ်ခဲ့ကြလေသည်။

၃။ ဈာပနကော်မတီများ၏ အခက်အခဲ

ယင်းသို့ အသိပေးကြေညာပြီးနောက် တက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်း သား ကျောင်းသူများသည် ဈာပနကော်မတီများ ဖွဲ့စည်းပြီး နောက်ဆုံး ဂါရ၀ ပြုခြင်း၊ အသုဘလိုက်လံပို့ဆောင်ရန် စီစဉ်ခြင်းများ ပြုလုပ်ကြလေသည်။ ထိုသို့စီစဉ်ပြီးနောက် ကျိုက္ကဆံကွင်းသို့သွားရောက်ရန် ကားများသွားရောက် ငှားရမ်းရာတွင် ကျောင်းသားကျောင်းသူများအား ကားများငှားရမ်းပို့ဆောင် ခြင်းမပြုရန် သက်ဆိုင်ရာမှ ကြိုတင်ပိတ်ပင်ထားခဲ့ကြသည်။ ထို့ကြောင့် ကျောင်း သားများသည် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် စုရပ်အဖြစ် စုံရုံး၍ ကျိုက္ကဆံ ကွင်းအား ခြေလျင်ချီတက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

၎။ ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ပွင့်သည့်ပန်းများ

ဒီဇင်ဘာလ(၅)ရက်နေ့တွင် စုရပ်အဖြစ်သတ်မှတ်ထားသော ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်သို့ တက္ကသိုလ်ကျောင်းပေါင်းစုံ တဖွဲဖွဲရောက်ရှိလာကြပြီး ရောက်ရှိ လာသော ကျောင်းသားများအား အရင်ရောက်နှင့်ပြီးသော ကျောင်းသားများက လက်ခုပ်လက်ဝါးတီးကာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြလေသည်။ ယခုကဲ့သို့ ကျောင်းသားထုကြီးစုရုံးမိခြင်းသည် တော်လှန်ရေးကောင်စီအစိုးရ၏ ၁၉၆၂ ခုနှစ် ဇူလိုင်လ(၇)နေ့တွင် မြန်မာပြည်လွတ်လပ်ရေး မော်ကွန်းဝင် ကျောင်းသား သမဂ္ဂအဆောက်အအုံကို ဗုံးခွဲဖျက်ဆီးပြီး ရာပေါင်းများစွာသော ကျောင်းသားစု စည်း မှုကို လက်နက် အားကိုးဖြင့် ဖြိုခွဲ ဖျက်ဆီးသတ်ဖြတ်ခဲ့ပြီး နောင် ၁၂ နှစ်ကျော်ကာလနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ် ပြန်လည်ပေါင်းစည်းစုရုံး မိ သော နေ့တစ်နေ့ဖြစ်သည်။

၅။ ကျောင်းသားပြည်သူပူးပေါင်းမိပြီ

ဦးသန့်၏ရုပ်ကလာပ်ထားရှိသည့် ကျိုက္ကဆံကွင်းသည် ဦးသန့်ကို နောက်ဆုံး ဂါရ၀ပြုရန်ရောက်ရှိလာနေသော လူထုကြီးနှင့် ပြည့်လျှံနေသည်။ ရုပ်ကလာပ် ထားရှိရာ မဏ္ဍပ်အတွင်းတွင်လည်း ဦးသန့်မိသားစု၊ ဆွေမျိုးမိတ်ဆွေများနှင့် သက်ဆိုင်ရာတာဝန်ရှိလူကြီးများက နေရာယူထားကြသည်။ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်စုရပ်မှ ခြေလျင်ချီတက်လာသောတက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသားများ ကွင်းအတွင်းဝင်ရောက်လာကြသောအခါ ရောက်နှင့်ပြီးကြ သော မိဘပြည်သူတစ်ရပ်လုံး၏ လက်ခုပ်သြဘာသံများဖြင့် ကြိုဆိုနှုတ်ဆက် ကြလေသည်။ ပွဲကြည့်စင်များတွင် မိဘပြည်သူများနှင့် ပြည့်နှက်နေပြီး ကျောင်း သားထုတစ်ရပ်လုံးသည် ဦးသန့်ရုပ်ကလာပ် ထားရှိရာ မဏ္ဍပ်၏အရှေ့ဘက် ကွင်းပြင်တွင် နေရာယူကြရလေသည်။



လူငယ်များ လေ့လာနှိုင်ရန်အတွက် THE LOVE ZONE မှ ကူးယူဖေါ်ပြပေးခြင်းဖြစ်ပါသည်

No comments:

Post a Comment

မန်ဘာဝင်ခဲ့ခြင်းဖြင့်အားပေးကြပါဦးနော်